International News

စီးပွားရေးလုပ်ငန်းသုံးယာဉ်များအတွက် ဟိုက်ဒရိုဂျင်လောင်စာအသုံးပြုရန် စီစဉ်ထားခြင်း

Last Updated:

တရုတ်နိုင်ငံ၏ရေနံ၊သဘာဝဓါတ်ငွေ့နှင့်ဓါတုဗေဒလုပ်ငန်းကြီးတစ်ခုဖြစ်သည့် Sinopec သည် ဟောင်ကောင်ဒေသ၌ လောင်စာဆီအရောင်းဆိုင်များအတွက် ကြီးမားသည့်ကွန်ယက်လည်း ရှိကြောင်း၊ အဆိုပါ Sinopec သည်သယ်ယူပို့‌ဆောင်ရေး အချက်အချာကျသော ဟောင်ကောင် ဒေသအား ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှုသုညအထိ ရောက်ရှိရန် ရည်ရွယ်ထားသည့် ဟောင်ကောင်ဒေသအစိုးရ၏ ရည်မှန်းချက် အောင်မြင်ရေး ပံ့ပိုးကူညီရန် အခွင့်အလမ်းများလည်း ရှာဖွေလျက်ရှိကြောင်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Eric Ng က“Plan to introduce hydrogen fuel for commercial vehicles”ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အဆိုပါသတင်းတွင် ဟောင်ကောင်ဒေသ၌ လောင်စာဆီဆိုင် (၁၇၉) ဆိုင်ရှိပြီး Sinopec (Hong Kong) မှ ဖွင့်လှစ်ထားသောဆိုင် (၅၄) ဆိုင်ရှိသောကြောင့် ကာဗွန်ထုတ်လွှတ်မှု သုညအထိ ရောက်ရှိအောင်ဆောင်ရွက်မှု အရှိန်မြှင့်တင်ရန် ဒေသအစိုးရအား Sinopecမှ မဲဆွယ် စည်းရုံးလျက်ရှိကြောင်း၊ တောင်ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်၊ တရုတ်ပြည်မကြီး၊ ဥရောပနှင့် အမေရိကန် ပြည်ထောင်စုတို့တွင် ဓါတ်ဆီနှင့် ဒီဇယ်ဆီလောင်စာ အသုံးပြုသည့်ယာဉ်များအား ဟိုက်ဒရိုဂျင် အသုံးပြုသည့်ယာဉ်များနှင့် အစားထိုး အသုံးပြုရန် လွန်ခဲ့သော နှစ်အနည်းငယ်မှ စတင်‌၍ ဆောင်ရွက်လျက်ရှိပြီး  ဟောင်ကောင်ဒေသ၌ ဖွံ့ဖြိုးတိုးတက်မှုမှာ နှေးကွေးလျက် ရှိကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသအစိုးရ အနေဖြင့် ကာဗွန်ကင်းစင်သည့်ဒေသဖြစ်ရေး အခွင့်အလမ်း များရရှိနိုင်ရန် အထူးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟောင်ကောင်ဒေသ ပတ်ဝန်းကျင်ဆိုင်ရာဗျူရို ဝန်ကြီး Mr. Wong Kam - sing ကပြောကြားခဲ့ကြောင်း၊ သယ်ယူ ပို့ဆောင်‌ရေးလုပ်ငန်းများအတွက် ဟိုက်ဒရိုဂျင် လက်ခံကျင့်သုံးရေး တွန်းအားပေးမှု အကောင် အထည်ဖော်ရန် မူဝါဒများအား အသေးစိတ်ဖော်ပြမည့် ၂၀၃၀ ပြည့်နှစ် ရာသီဥတုဆိုင်ရာ နောက်ဆုံးအခြေအနေ စီမံချက်ကို ယခုနှစ်မကုန်မီ ကြေညာနိုင်ရန် ဟောင်ကောင်ဒေသအစိုးရ အနေဖြင့် မျှော်မှန်းထားကြောင်း၊ ဟောင်ကောင်‌ဒေသ၏ ဘတ်စ်ကားလုပ်ငန်းလုပ်ကိုင်သည့် KMB သည် ကာဗွန်ထုတ်လွှတ်မှုသုည ရည်မှန်းချက်အောင်မြင်ရန် hydrogen fuel-cell နည်းပညာဖြင့် လုပ်ကိုင်ရန် စိတ်ဝင်စားလျက်ရှိကြောင်း၊ ဟောင်ကောင်ဒေသသည် ဟိုက်ဒရိုဂျင် ထုတ်လုပ်ရန် လွယ်ကူချောမွေ့သည့် ကွမ်တုံးပြည်နယ်နှင့် နီးကပ်စွာ တည်ရှိသောကြောင့် ဟောင်ကောင်ဒေသအတွက် ဟိုက်ဒရိုဂျင် အလွယ်တကူရရှိနိုင်ကြောင်း၊ ဟောင်ကောင်ဒေသ၏ အနောက်မြောက်ဘက်ရှိ (၁၃၃) ကီလိုမီတာတွင် တည်ရှိသည့် ဖိုရှမ်းမြို့၌ ကာဗွန်ထုတ်လွှတ်မှု သုညဖြင့် ကုန်စည်များ ပို့ဆောင်သည့် ကုန်တင်ကား (၄၄၈) စီးနှင့် ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ဘတ်စ်ကား (၁,၀၀၀) စီး ပြေးဆွဲလျက်ရှိကြောင်း၊ အဆိုပါ ဖိုရှမ်းမြို့သည် ဟိုက်ဒရိုဂျင် ပံ့ပိုး တင်သွင်းမှုကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရန် အချက်အချာကျသည့်မြို့ဖြစ်ကြောင်း၊ ယခုလက်ရှိ အချိန်ထိ တရုတ်ပြည်မကြီး၌ ဟိုက်ဒရိုဂျင် ပြန်လည်ဖြည့်တင်းရန်နေရာ (၁၂၀)ခုရှိရာ ကမ္ဘာ့လေးပုံတစ်ပုံရှိကြောင်း၊တရုတ်အစိုးရ၏၂၀၂၁-၂၀၂၅ စီမံချက်အောက်တွင် ဟိုက်ဒရိုဂျင်ပြန်လည်ဖြည့်တင်း နိုင်မည့်နေရာ (၁၀၀၀) ခုကျော် ထပ်မံထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ လာမည့်ဆယ်စုနှစ် (၃)စုအတွင်း ဟိုက်ဒရိုဂျင်သုံးစွဲမှု (၆) ဆ မြင့်တက်နိုင်ပြီး ၂၀၅၀ ပြည့်နှစ်တွင် ဟိုက်ဒရိုဂျင်သုံးစွဲမှုမှာ စွမ်းအင်းသုံးစွဲမှု စုစုပေါင်း၏ (၁၀) ရာခိုင်နှုန်း ပါဝင်နိုင်ကြောင်း ရေးသားဖော်ပြထားပါသည်။

 

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ဟောင်ကောင်မြို့)

Category: International News